ကလေးကို တုပ်ကွေး ကာကွယ်ဆေး ထိုးပေးတာက ဘယ်လို ကောင်းကျိုးတွေ ရှိမလဲ
ရင်သွေးလေးကို မွေးဖွားချိန်ကစလို့ အမျိုးမျိုးသော ကာကွယ်ဆေးတွေကိ ထိုးနှံပေးရပါတယ်။ ဒါမှလည်း ကြောက်မက်ဖွယ်ရာရောဂါတွေဘေးကနေ ကာကွယ်ပေးနိုင်ပြီး ဖျားနာမှုကင်းတဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်မှာလေ။ ဒီလို ထိုးနှံရတဲ့ ကာကွယ်ဆေးတွေထဲမှာ မဖြစ်မနေ ထိုးနှံပေးသင့်တဲ့ ကာကွယ်ဆေးလေး တစ်ခုရှိပါတယ်။
ဒါကတော့ တုပ်ကွေး ကာကွယ်ဆေးပါ။ တုပ်ကွေးကာကွယ်ဆေးက ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားချိန်မှာ မိခင်ဖြစ်သူမှာထိုးနှံရသလို ရင်သွေးလေးကို မွေးဖွားပြီးချိန်မှာလည်း အသက် ၆ လပြည့်ပြီဆိုရင် ကလေးကို တုပ်ကွေး ကာကွယ်ဆေး ထိုးပေးဖို့ လိုပါမယ်။ တုပ်ကွေးကာကွယ်ဆေးကို ထိုးနှံပေးတာက နှစ်စဉ် လုပ်ဆောင်ပေးရမှာပါ။
တုပ်ကွေးကာကွယ်ဆေး ထိုးနှံပေးတာက ရင်သွေးလေးမှာ တုပ်ကွေးဖြစ်နိုင်ခြေ နည်းသွားမှာ ဖြစ်သလို အဆုတ်ရောင်တာလိုမျိုး တုပ်ကွေးနောက်ဆက်တွဲရောဂါတွေလည်း ကင်းဝေးစေမှာပါ။ ဒါကြောင့် ကလေးက အသက် ၆ လပြည့်ပြီဆိုရင် တုပ်ကွေး ကာကွယ်ဆေး ထိုးဖြစ်အောင် ထိုးဖို့ လိုပါမယ်။
တုပ်ကွေးကာကွယ်ဆေး ထိုးတာက ဒီအချက်တွေအပြင် အခြားသော အကျိုးကျေးဇူးတွေလည်း ရရှိစေနိုင်ပါသေးတယ်။ ဒါတွေကတော့
- ကလေးကို ကျန်းမာစေမယ် - တုပ်ကွေးကာကွယ်ဆေး နှစ်စဉ် ထိုးပေးတာက ကလေးကို ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးပြင်းအရွယ်ရောက်စေမှာပါ။ ဒါကြောင့် ကလေးကို အသက်၆ လပြည့်ချိန်ကစလို့ နှစ်စဉ်တုပ်ကွေး ကာကွယ်ဆေး ထိုးပေးပါ။
- တုပ်ကွေးနောက်ဆက်တွဲ ကင်းဝေးစေတယ် - တုပ်ကွေးကာကွယ်ဆေးက ကလေးကို တုပ်ကွေးကနေရော တုပ်ကွေးနောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကနေပါ ကာကွယ်ပေးနိုင်မှာပါ။
- ပြင်းထန်ဖျားနာမှုတွေကနေ ကာကွယ်နိုင်မယ် - ကလေးက ကျောင်းတက်ချိန်မှာ အခြားသူတွေနဲ့ ထိတွေ့တာကြောင့် ရောဂါပိုးတွေ ကူးစက်ခံရနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ တုပ်ကွေး ကာကွယ်ဆေး ထိုးပေးထားတာက ရောဂါ ကူးစက်ခံရရင်တောင် ပြင်းပြင်းထန်ထန် ခံစားရနိုင်ခြေကနေ ကင်းဝေးစေမှာပါ။
- ဘေးကင်းစိတ်ချရတယ် - တုပ်ကွေးကာကွယ်ဆေးက ကလေးတွေကို ထိခိုက်မှုကင်းစေတဲ့ ထိရောက်တဲ့ ကာကွယ်နည်း တစ်ခုပါ။
- ဖျားနာမှုကင်းတာက အကောင်းဆုံး ဖွံ့ဖြိုးစေမယ် - ကလေးက သူရဲ့ ပထမနှစ်တွေမှာ ဖျားနာမှု ကင်းတာက ရုပ်ပိုင်းဆိုင်ရာရော ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ အကောင်းဆုံး ရရှိစေမှာပါ။ ထိုက်သင့်တဲ့ ကိုယ်အလေးချိန် နဲ့ အရပ်အမြင့်ကို ရရှိစေမှာပါ။
- ကိုယ်ခံအားကောင်းမယ် - တုပ်ကွေးကာကွယ်ဆေးက ကလေးရဲ့ ကိုယ်ခံအားကို ရောဂါတွေ တိုက်ထုတ်ဖို့ အလေ့အကျင့် ရစေမှာ ဖြစ်တာကြောင့် ကလေးကို ကိုယ်ခံအားအကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။
တုပ်ကွေး ကာကွယ်ဆေး ထိုးတာက ကလေးကို ဆေးထိုးပြီးချိန်မှာ ဆေးကို ကိုယ်ခံအားက တုံ့ပြန်တာကြောင့် ကလေးမှာ ကိုယ်နွေးတာ၊ ဆေးထိုးတဲ့နေရာက နီးမြန်းတာ၊ ရောင်တာတွေ ရှိနိုင်ပေမယ့် ရေခဲဝတ် ကပ်ပေးတာ၊ ရေနွေးဝတ် ကပ်ပေးတာမျိုးတွေ လုပ်ပြီး သက်သာအောင် လုပ်ဆောင်ပေးလို့ ရပါတယ်။ ကြက်ဥအကာနဲ့ ဓာတ်မတည့်တဲ့ ကလေးတွေမှာ ဓာတ်မတည့်မှုကို အနည်းအကျဉ်း ခံစားရတာမျိုး ရှိနိုင်ပေမယ့် ရေရှည်မှာတော့ ကလေးကို ကျန်းမာပြီး ဉာဏ်ရည် ထက်မြက်စေဖို့ရော၊ ကောင်းစွာ ကြီးပြင်း အရွယ်ရောက်လာစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။
မွန်မွန်